Bejo ကုမ္ပဏီမှ မစ္စတာ Rob Bekker သည် နယ်သာလန်နိုင်ငံမှ ရောက်ရှိလာပြီး Advance Consulting မှ တာဝန်ခံ၊ PRIME Agri မှ တာဝန်ခံများနှင့် အတူ ဇွန်လ ၁၄ ရက်နေ့က မန္တလေးတိုင်း မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်စိုက်ပျိုးရေးရုံးတွင် ကြက်သွန်နီမျိုးယှဉ်စမ်းသပ်ခြင်း ရှေ့ပြေးစီမံကိန်းမှ ထွက်ရှိသော ကြက်သွန်နီမျိုးများအား အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများ၊ မြင်းခြံမြို့နယ် ကြက်သွန်နီကုန်သည်ကြီးများအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ကုန်သည်များ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မစ္စတာ Rob Bekker မှ ကုမ္ပဏီနောက်ခံ သမိုင်းကိုလည်းကောင်း၊ ကမ္ဘာ့ကြက်သွန်နီထုတ်လုပ်မှု၊ ၀ယ်လိုအား ရောင်းလိုအားဆိုင်ရာ အချက်များကိုလည်းကောင်း၊ ကြက်သွန်နီ မျိုးထုတ်လုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားခဲ့ပြီး အရှေ့တောင်အာရှ ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော ကြက်သွန်နီ မျိုးကွဲများအကြောင်း၊ ရှမ်းပြည်နယ် ဟဲဟိုးတွင် စိုက်ပျိုးစမ်းသပ်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း တင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဆောင်းရာသီက မျိုးယှဉ်စမ်းသပ် စိုက်ပျိုးခဲ့သည့် ကြက်သွန်နီ ၈ မျိုးအပေါ် တောင်သူများ တုံ့ပြန်ချက်၊ အမြင်များ၊ အခက်အခဲများကိုလည်းကောင်း၊ ၉၉၉ စိုက်ပျိုးရေးကုမ္ပဏီမှ ၄င်းတို့အတွေ့အကြုံများကိုလည်းကောင်း၊ ကုန်သည်များ အမြင်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးဒေသတွင် စိုက်ပျိုးဖြစ်ထွန်းခဲ့သည့် ကြက်သွန်နီ ၁၄ မျိုးကို နမူနာများ ပြသလျက် တက်ရောက်သူများ ကြိုက်နှစ်သက်သည့် မျိုးများကို ရွေးချယ် စေခဲ့သည်။